အခုရက်ပိုင်း အတွင်း မအားတဲ့ အတွက်ကြောင့် ဘလော့မ၀င် ဖြစ်တာ ကြာပါပြီ။ သို့ပေသော် ငြားလည်း ဖတ်နေကြ ဘလော့တွေကိုတော့ နေ့စဉ်ဆိုသလို ၀င်ဖတ်ဖြစ်ပါတယ်။ ဒီနေ့တော့ အလုပ်အကိုင် မရှိတာနဲ့ ၀င်လာဖြစ်တယ်။ ဒီပို့စ်လေးကိုလည်း တင်ချင်နေတာ ကြာပါပြီ။ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်တုံးက (လွတ်လပ်ရေး တိုက်ပွဲဝင် နေစဉ်ကာလ တုန်းက) ဗိုလ်ချုပ်အောင်ဆန်း ဟောပြောသွားတဲ့ မိန့်ခွန်းတွေပါ။ နားထောင်ကြည့် လိုက်ပါ တကယ်ကောင်းပါတယ်။ ဒါပေမယ့် ဒီမိန့်ခွန်း ပြောတဲ့သူဟာ ဗိုလ်ချုပ်ရဲ့ အသံအစစ် မဟုတ်ဘူးလို့ ပြောတဲ့သူတွေက ရှိပါတယ်။ သူတို့ ပြောချင်တာက အခုမှ ပြန်လည် "အင်"ထု ထားတယ်ပေါ့။ မယုံတဲ့သူကို ခေါ်လာခဲ့ လိုက်ပါ။ သူကရော ဗိုလ်ချုပ်အောင်ဆန်း ဒီမိန့်ခွန်းကို ဟောပြောတဲ့ အချိန်မှာ မွေးပြီလား။ မွေးခဲ့သည်ရှိသော် သူက အရွယ်ရောက် ပြီလား။ အရွယ်ရောက် ခဲ့သည်ရှိသော် သူကိုယ်တိုင် ဗိုလ်ချုပ်မိန့်ခွန်း ပြောရာသို့ သွားပြီးတော့ နားထောင် ဘူးသလား။ ထပ်ပြီး ပြောရရင်တော့ " လား" တွေနဲ့တင် ပို့စ်လေးက ပြည့်သွား ပါလိမ့်မယ်။ ကျွန်တော့် အနေနဲ့ကတော့ ဟုတ်တယ်လို့ ထင်ပါတယ်။ ဘာလို့လည်း ဆိုတော့ ခေါင်းဆောင်တိုင်း လိုလိုမှာပေါ့နော်... သူတို့မှာ အသံ၏ သြဇာ၊ အသံ၏ စည်းရုံးသိမ်းသွင်း နိုင်မှု ရှိကြပါတယ်။ မယုံဘူး ဆိုရင်တော့ ဟစ်တလာ ကိုရှုပါ။ အခုဒီမိန့်ခွန်းကို စပြီးနားထောင်ကာစ ဆိုရင်တော့ စိတ်ထဲမှာ တစ်မျိုးဖြစ် ပါလိမ့်မယ်။ ဘာလဲပေါ့ အသံက အညာသား လိုလို ဘာလိုလိုနဲ့ပေါ့။ ဥပမာ ပြောပြတာနော်။ ဒါပေမယ့် (၂)ပုဒ်လောက်ကို နားထောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ မိမိကိုယ်တိုင် သိလာပါ လိမ့်မယ်။
ဗိုလ်ချုပ်အောင်ဆန်းက ဒီလို ပြောသွားပါတယ်- "ကျွန်တော်တို့ ဗမာတွေ ဘောလုံးပွဲကြည့်... ဘောလုံးပွဲမယ် ကိုယ်က ပထမစပြီး ဂိုးသွင်းတယ် ဆိုရင် အတော်လေး အားတက်လာတယ်... နောက်တစ်ခါ အဲဒီလို ကန်ကြရင်းနဲ့ အတော်လေး ဂိုးလေးများ လာပြီဆိုရင် လျော့လျော့ပေါ့ပေါ့ ကန်ချင်လာတယ်... ငါနိုင်မှာပါပဲ ဆိုပြီးတော့... အဲဒါနဲ့ နေပြီးတော့ တစ်ဖက်ကနေပြီး နောက်ဆုံးအပြီး သတ်ကာကျမှ ကပ်ပြီးတော့ တစ်ခါတည်း ဂိုးသွင်းသွားလို့... သရေဖြစ်ဖြစ် ရှုံးတာဖြစ်ဖြစ်.... ဖြစ်သွားတာ မျိုးလည်း ကျွန်တော်တို့ ဘောလုံးပွဲ ရာသီမယ်... ခင်ဗျားတို့ ပြန်လည်စဉ်းစား ကြည့်ရင် တွေ့မှာပါ။ ဒါတင် မကသေးဘူး ဒီရှုံးသွားတဲ့ သူဟာလည်းပဲ ဘောလုံးကန်လို့ရှိရင် ပထမအပိုင်းမယ် ရှုံးသွားရင်တော့ တော်သေးရဲ့ ရသေးတယ်... ဒုတိယ နာရီဝက်မယ် ကန်လို့ ဆယ်မိနစ်လောက် လည်းကြာရော... ကိုယ့်ဖက်က ဂိုးလည်း မသွင်းနိုင်ဘူး ဆိုရင် အဲဒီအခါကျ လူချတာပဲ... အဲဒါက ကျွန်တော်တို့ ဗမာဘောလုံးပွဲတွေ ဘောလုံးကန်တဲ့ အကျင့်... ဒါဘာလည်း ဆိုလို့ရှိရင်... မြန်မာတွေ စိတ်ထဲမှာတော့ ဒါဟာ ထင်လိမ့်မယ်ပေါ့... ဗမာတွေဟာ စိတ်ဓာတ်တက်တယ် ဘာညာပေါ့... တစ်လွဲ ဆံပင်ကောင်း နေတာနဲ့ အတူတူပဲ... ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေဘဲ... ဗမာတွေရဲ့ စိတ်ဓာတ်က မဟုတ်တဲ့ နေရာတွေ သွားပြီး တော်နေတယ်..."
နားနဲ့တင် နားထောင်ပြီး ပြန်ရေးထားတာ ဖြစ်တဲ့အတွက်ကြောင့် မှားနိုင်ပါတယ်။ နောက်ထပ်လည်း ကျန်ပါသေးတယ်။ နောက်မှအားရင် အားသလို ဆက်တင်သွားပါ့မယ် ခင်ဗျာ။ အိပ် ပြီ...


ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းနားထောင်ရန်။(အပိုင်း-၁)
ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းနားထောင်ရန်။(အပိုင်း-၂)