စိတ်လက် မအီမသာနဲ့ လမ်းသလား ဇာတ်လိုက် ပိုးမွှားတွေကြား လန့်လန့်နိုး ငှက်ဖျားတက်နေရတဲ့ မြို့ ။ ခေတ်ပျော် ကောင်မလေးတွေနဲ့ ကျုံးသာယာ ညနေခင်းတွေမှာ လေညင်းခူး ဘီယာ မသောက်နိုင်တော့တဲ့ မြို့ ။ မာတိကာမှာ နိုင်ငံတကာ ယဉ်ကျေးမှုတွေနဲ့ တောက်စား အညံ့စား မဂ္ဂဇင်းတစ်အုပ်နဲ့ တူလာတဲ့ မြို့ ။ ယဉ်ကျေးမှု အသစ်တွေရဲ့ ဗြောင်ကျကျ ရမ်းကား စော်ကားမှုကို ခံနေရတဲ့ မြို့ ။ ကူးသန်း ရောင်းဝယ်ရေးနဲ့ ရေးကြီးသုတ်ပျာ လုံးထွေး စားပြီးသား ပန်းကန် မဆေးနိုင်ဘဲထားခဲ့ရတဲ့ မြို့ ။ ချစ်သူ အချင်းချင်းတောင် ဒေါ်လာထက်ထက်နဲ့ လည်ပင်းလှီးပြီးမှ ရင်ချင်းကပ် အနံ့ခံရတဲ့ မြို့ ။ အတွင်းသားမှာ မာဖီးယား ဆန်ဆန် အပြင်နံရံမှာ ကြက်ဝိုင်း အရက်ဝိုင်း ဖဲဝိုင်းနဲ့ မီး အဝိုင်းခံနေရတဲ့ မြို့ ။ ကလင့်အိတ်(စ)၀ုဒ်တောင် ယောင်လို့ ဖြတ်မလျှောက်ရဲ့တဲ့ မြို့ ။ သူ့ လည်ပင်းက ဆွဲကြိုးကို ဖြတ်တောက် ပေါင်နှံရင်း လည်ပင်းအစ် အရှက်တကွဲ ဖြစ်ရတော့မယ့် မြို့ ။ မြစ်တစ်မြစ်ရဲ့ အဆုံးသတ် နှုတ်ခမ်းကို ဖိကပ် မနမ်းနိုင်တော့လောက်အောင် နှုတ်ခမ်း မရှိတော့တဲ့ မြို့ ။ ဖြစ်တည်မှုတွေ နဝေတိမ်တောင်နဲ့ ယောင်ချာချာ လမ်းပျောက်နေတဲ့ မြို့ ။ အေး လေ အဲသည် မြို့ ဒီမြို့ ငါ ရောက်လာတာကလည်း အများ အလိုဆန္ဒအတိုင်း တသွေးတမွေး ဖြစ်ရအောင်လို့ပဲပေါ့။
(ခရမ်းပြာထက်လူ)