မနေ့ညကတည်းက အိပ်ရာဝင်တာနောက် ကျသွားတယ်။ ဒါတောင် မနက်ခင်းသွားစရာ ရှိလို့ဆိုပြီးတော့ စောစောအိပ်ဖို့ စဉ်းစားထားတာ။ မနက်မိုးလင်းတော့ Arshan ကိုသွားဖို့ သူငယ်ချင်းက လာနှိုးတော့ အိပ်ချင်မူးတူး နဲ့လိုက်သွားရော။ ပထမဆုံး ဗွီယက်နမ် စျေးမှာ အရင် ထမင်းစားတယ်။ ရောင်းတာကတော့ တရုတ်တွေပါ။ မဆိုးပါဘူး တန်ပါတယ်။ ရူဘယ် (၈၀) ပဲကျတယ်။ စားပြီးတာနဲ့ Arshan ကို ဆက် Go တယ်။ သွားရတဲ့ ခရီးက နီးနီးလေးပါ။ မော်စကို တောင်ဘက််ထိပ်နဲ့ မြောက်ဘက်ထိပ်ပဲ။အဲဒီကို ရောက်တော့ ၀ယ်ရင်း ၀ယ်ရင်းနဲ့ ပစ္စည်းက များလာတော့ အပြန်သယ်လို့ မနိုင်မှာကိုတော့ သိတယ်။ ဒါပေမယ့် ရောက်တုန်း မထူးပါဘူးကွာ ဆက်လုပ်၊ မနိုင်ရင်တော့ Metro မပြန်ဘူး Taxi နဲ့ပြန်မယ်ကွာ။ တကယ်လည်း ပိုက်ဆံရှင်းပြီး အထုပ်တွေ ကြည့်လိုက်တော့ မနိုင်ဘူးဖြစ်ရော။ ဒါနဲ့ Taxi ငှားဖို့ကြည့်လိုက်တော့ အနီးအနားမှာ ပဲတွေ့တယ်။ ကျွန်တော်က ကားဆရာကို သွားပြီးပြောတာပေါ့။ ကျွန်တော် BMSTU အဆောင်ကို ပြန်မယ်။ ကားခ ဘယ်လောက် ပေးရမလဲ လို့မေးတော့ ကိုယ့်လူက ပြန်မေးတယ်။ မင်းဘယ်လောက်ပေး မလဲတဲ့။ ဟိုက်...သေရောပဲ။ ကျွန်တော်မှ ဒီမှာ Taxi ကိုအဲဒီလောက်ကြီး မစီးဘူးတာ ဘယ်လိုသိမလဲဗျ။ မြေအောက်ရထား၊ Busတွေနဲ့ပဲ သွားနေတဲ့ဟာဗျာ။ ဒါနဲ့ ကျွန်တော်က ကားသမားကို ရူဘယ်(၃၀၀) ပေးမယ်လို့ ပြောလိုက်တယ်။ သူက ဒီလိုကျသိတယ်။ မရဘူးတဲ့ (၄၀၀) ပေးရမယ်တဲ့။ ဟင်..ဒါဆို မလိုက်ဘူးလို့ ပြောပြီး ပြန်လှည့်လာတော့ ဒီကောင်က မင်း(၃၅၀) ပေးမလားတဲ့။ ဒီလိုနဲ့ပဲ နှစ်ဦးနှစ်ဖက် အဆင်ပြေပြီးတော့ အဆောင်သို့ ပြန်ခြင်းခရီးအား စတင်ခဲ့သည်။ ပထမတော့ ကားဆရာက အဆောင်ကို သူပဲသိသလိုလို ဘာလိုလို နဲ့နောက် ( ၅) မိနစ်လောက် လည်းကြာရော ကိုယ့်လူက မင်းတို့အဆောင်ကို ဘယ်လိုသွားရတာ လည်းတဲ့ ဆိုပြီးတော့ မော်စကို မြေပုံကြီး ကိုချပေးတယ်။ အောင်မြလေး ကားဆရာရယ်။ ကျွန်တော်က မြန်မာပြည်က လာတဲ့ကောင် ဘယ်လိုသိမလဲဗျ။ Metro/Bus တို့နဲ့ သွားတာတောင် အဆောင်နား ပတ်ဝန်းကျင်၊ မြို့ထဲသွားနေကျ နေရာတွေနဲ့ သွားနေကျ တစ်ခြားကျောင်း တွေလောက်ပဲ သွားတတ်တာဗျ။ သူကဒီလို ဆင်ခြေပေးသေးတယ်။ သူဒီကို ရောက်တာ သုံးပတ်ပဲ ရှိသေးလို့ပါတဲ့။ သူက ယူကရိန်း ကလာတာပါတဲ့။ သူပုံကို ကြည့်ရတာတော့ ဟုတ်တော့ ဟုတ်လောက်ပါတယ်။ ရုရှားနဲ့တော့ မတူဘူး။ သူကလည်းဇွဲတော့ မလျော့ပါဘူး မောင်းတော့ မောင်းနေတာပဲ။ ဘယ်က ိုမောင်းနေမှန်းသာ မသိတာ။ :D လမ်းမှလည်း တွေတဲ့သူကို ဆင်းမေးတာ (၇) ခါလောက်ရှိမယ်။ နောက်ဆုံးတော့ သူကပြောလာတယ်။ တစ်ခြားကားကို ပြောင်းငှားပါလားတဲ့။ ကျွန်တော် တို့ကလည်း ဟင့်အင်းပဲ။ နောက်တော့ သူကအဲဒီလို သုံးကြိမ်လောက် ပြောလာတာနဲ့ အင်းဗျာ ငှားမယ်ဆိုပြီးတော့ တစ်ခြားကားကို ပြောင်းငှား လိုက်ရတယ်။ သူကဒါတောင် မင်းတို့အဆောင်နဲ့ နီးနေလောက်ပါပြီတဲ့။ ရောက်တော့ မှာပါတဲ့။ ကားခကိုတော့ ၃၀၀ ပေးတဲ့။ ပေးဘူးလို့... :D။ (၁၅၀) ပဲပေးမယ်လို့ ယူမလား ဆိုတော့ သူကမယူဘူး (၃၀၀) တဲ့။ နောက်တော့ ကျွန်တော် နောက်ကားတစ်စီး ငှားနေတုန်း ကျွန်တော့် သူငယ်ချင်း ဘယ်လို ညှိလိုက်လည်း မသိဘူး (၂၀၀) နဲ့စျေးတဲ့ သွားတယ်။ နောက်ထပ် ပြောင်းစီးတဲ့ ကားကလိုက်ပို့တော့ လည်း ခဏဆိုခဏလေးပဲ။ ငါးမိနစ်လောက်နဲ့ ရောက်သွားတယ်။ အကျိုး အမြတ်ကတော့ မော်စကိုမြို့ရဲ့ ညရှုခင်းကို ကားနဲ့ပတ်ကြည့် လိုက်ရတယ်၊ ကားခနှစ် ခါကုန်သွားတယ်။