အကောင်းဆုံး အရာကို သင့်အား ပေးမည်ဟု ပြောခဲ့ စဉ်က ကျွန်ုပ် မည်သို့မျှ မခံစား ရသေးပေ။ သို့သော် သင့်အပြုံး တစ်ချက် ၊ အကြည့် တစ်စုံအား ကျွန်ုပ် ရရှိပြီးနောက် အားလုံးကို ကျွန်ုပ် မေ့သွား၏။ ကမ္ဘာမြေသည် စိမ်းလန်းပါ၏။ သင့်အပြံုးက ပိုမိုလတ်ဆတ် ၏။ လေညင်းသည် နုအေး ပါပေ၏။ သင့်အကြည့် တစ်ချက်က ကျွန်ုပ်ကို နူးညံ့စွာ ပိုမိုလှိုက်မော စေပါ၏။ ငှက်ကျေး တို့သီကျူး သံသည် သာယာချိုအေး ပါပေ၏။ သို့သော် ကျွန်ုပ်၏ ကမ္ဘာ၌ သင့်အသံ သည်သာ အကောင်းဆုံး တေးသံပါပေ။ ကမ္ဘာမြေသည် နေခြည် ၀တ်ရုံဖြင့် လွှမ်းခြံု သကဲ့သို့ သင့်ပုံရိပ်တို့သည် ကျွန်ုပ်နှင့် မကွာ အမြဲရှိနေ ကြကုန်၏။ ကြေးမုံပြင်သည် အစစ်အမှန် တည်ရှိခြင်း၏ အတုအယောင် တစ်ခုပင် ဖြစ်စေကာ မူ သင့်ပုံရိပ် ကိုတော့ မည်သည့် အခါမှ မှန်ကန်စွာ လက်ခံနိုင်မည် မဟုတ်ပါပေ။ သင်ကား အလှ၏ နတ်ဖုရား ၊ မြတ်နိုးခြင်း၏ ကြေးမုံပြင် ၊ ပင်လယ်၏ လေပြေအေး ၊ မဟာမြိုင်၏ ငှက်ကျေး နှင့် ရောင်စဉ်ဖြာ လင်းလက်တတ်သည့် ကျွန်ုပ်၏ သလင်းကျောက် တစ်တုံးပါပေ။ သစ္စာ၏ သင်္ကေတအဖြစ်သင့် ကိုကျွန်ုပ်မြတ်နိုးမိပါ၏။ ဘဝအမှောင် လရောင်မဲ့ည၏ တေးသွားတစ်ပုဒ် အလား သင့်နှင့်အတူ မီးအိမ်တစ် လုံးကို အတူဆွဲ လျှောက်လှမ်းလိုပါ၏။ နွေးထွေးလှိုက်မော ဒီလှိုင်းတောသို့လည်း သင်လက်ကိုတွဲ လျှောက်ရဲလိုပါ၏။ ရောက်ရာ နေရာ ဤဒေသာ မှလည်း လွတ်လပ် ပျံသန်း သင့်အနမ်းအောက် ရင်အစုန် လှုပ်နိုး ခိုကိုး ရပါလို၏။ ရာဇဝင်ထဲ ရောက်ရောက် ၊ မော်ဒန်ကိုပဲ တော်လှန် တော်လှန် မှန်ကန် မေတ္တာ ၊ သစ္စာတည်၍ မဖောက်မလဲ လျှောက်ရဲ နိုင်ကြသည်ဖြစ်စေ။