ကုက္ကိုပင််သည် ဗုဒ္ဓဘာသာ ကျမ်းဂန်များအရ ကမ္ဘာတည် သစ်ပင်ကြီး (၇)ပင်တွင် ပါဝင်သည်။ကမ္ဘာတည် သစ်ပင်ကြီး (၇) ပင်မှာ အရှေ့ကျွန်း၌ ကုက္ကိုပင်၊ တောင်ကျွန်း၌ သပြေပင်၊ အနောက်ကျွန်း၌ ထိမ်ပင်၊ မြောက်ကျွန်း၌ ပဒေသာပင်၊ တာဝတိံသာ နတ်ပြည်၌ ပင်လယ်ကသစ်ပင်၊ အသူရာပြည်၌ သခွတ်ပင်၊ ဂဠုန်ပြည်၌ လက်ပံပင် တို့ဖြစ်ကြသည်။ ကကုဿန် မြတ်စွာဘုရားသည် ကုက္ကိုပင်၌ ပွင့်တော်မူသည်ဟု ဗုဒ္ဓဝင်တွင် ဆိုသည်။
ကုက္ကိုပင်သည် ထနောင်းမျိုးတွင် ပါဝင်လျက် မြန်မာကုက္ကို နှင့်သဘောင်္ ကုက္ကိုဟူ၍ ၂ မျိုးရှိသည်။ ကုက္ကို ၂ မျိုးလုံးပင် အကိုင်းအခက် ဝေဝေ ဆာဆာဖြင့် အရိပ်ကောင်းသော သစ်ပင်ကြီးများ ဖြစ်ကြ၍ ယင်းတို့ကို မြန်မာနိုင်ငံ အရပ်ရပ်မှာ ပင် တွေ့နိုင်သည်။ အထူးသဖြင့် ခရီးသည်များ အရိပ်ရစေရန် သဘောကုက္ကို များကိုအမြို့မြို့ အရွာရွာရှိ လမ်းတစ်လျောက်တွင် အစီအရီ စိုက်လေ့ရှိကြသည်။ ကုက္ကိုပင်ကို အစေ့မှဖြစ်စေ၊ အရွယ်တော် အကိုင်းပြတ်ကိုဖြစ်စေ၊ စိုက်ပျိုးနိုင်၍ တစ်ပင်နှင့် တစ်ပင်ကို ပေသုံးလေးဆယ် ခန့်ခွာကာ စိုက်ပျိုးသင့်သည်။ အကိုင်းအခက်များ မြေသို့ညွှတ် ကျနေတတ်သဖြင့် အသက် နုစဉ်ကပင် အကိုင်းအခက်များကို ချိုင်ပေးရသည်။ ကုက္ကိုပင်တို့သည် နွေရာသီတွင် အရွက်များချသော အပင်မျိုးဖြစ်သည်။ အရွက်များသည် နေ့အခါ၌ အစွမ်းကုန် ကားပြန့်နေ ကြသော်လည်း ညအခါ၌ဖြစ်စေ၊ မိုးရွာသော အခါ၌ဖြစ်စေ ထူးဆန်းစွာ ခေါက်၍ အိပ်တတ်ကြသည်။ ပိုးပန်း ပွားကဲ့သို့ အမွေးစုတ်ဖွားရှိသော အပွင့်ကလေးများမှာ အလွန်သေးငယ်၍ အဆုပ်လိုက် ပွင့်ကြသည်။ အသီးများမှာ ပဲသီးတောင့် သဏ္ဌာန် ရှည်လျားလျား အသီးတောင့်များ ဖြစ်ကြ၏။ သို့သော်မြန်မာ ကုက္ကိုသီးများမှာ ပြား၍ဝါပြီးလျှင် သင်္ဘောကုက္ကို သီးများမှာ လုံးယောင်ယောင် ဖြစ်၍ အညိုရင့်ရောင် ရှိသည်။ တစ်ဖန် သင်္ဘောကုက္ကိုသီးမှာ အသားပြည့်ကာ မှည့်လျှင်ချို၏။ ယင်းတို့ကို ကျွဲနွားများ နှစ်သက်ကြသည်။ မြန်မာကုက္ကိုနှင့် သင်္ဘောကုက္ကို တို့၏ ကွဲလွဲချက်ကား မြန်မာကုက္ကိုက သင်္ဘော ကုက္ကိုထက် ပိုမိုအသုံးဝင်ခြင်းပင်ဖြစ်၏။
မြန်မာကုက္ကိုသည် ဆေးဖက်ဝင်၍ အရွက်နှင့် အစေ့ကို မျက်စိနာ အတွက် လည်းကောင်း၊ အခေါက်ကို သွေးစုနာ အတွက်လည်းကောင်း အသုံးပြုကြသည်။ အရွက်နုများကို တစ်ခါတစ်ရံ သုပ်စားကြ၍ အခေါက်ကို ပိုက်ကွန်များ ဆိုးရန်အတွက်လည်း အသုံးပြုကြသည်။ မြန်မာကုက္ကို အကာသားမှာ ဖြူ၍ကြမ်းသော်လည်း အညိုရင့်ရောင်ရှိသော အနှစ်သားမှာ အသားညက်ကာ လှပခိုင်ခံ့သဖြင့် အိမ်ဆောက်ရန်၊ အိမ်ထောင် ပရိဘောဂနှင့်တကွ လှေ၊ လှည်း၊ ထယ်၊ ထွန်များ လုပ်ရန်အပြင် အိုးစည်ထွင်းရန် အသုံးကျသည်။ ထိုအသားသည် မြန်မာဘုရင်များ လက်ထက်က မည်မျှ အဖိုးတန်သနည်း ဟူမူ မြန်မာ ကုက္ကိုပင်များကို လှဲသော်ကျွန်းနှင့် အခြားသစ်ပင်တို့ထက် အခွန်တော်ပို၍ ဆောင်ရသေးကြောင်း၊ နန်းတော်ပလ္လင်ပြုလုပ်သည့် သစ်သားများတွင် မြန်မာကုက္ကိုသားလည်း ပါဝင်ကြောင်း သိရသည်။ သင်္ဘောကုက္ကိုမှာမူ အရိပ််ကောင်းခြင်း၊ အသီးများကို ကျွဲနွားကျွေးခြင်း မှလွဲလျှင် ပွသဖြင့် ထင်းဆိုက်ရန်နှင့် မီးသွေးဖုတ်ရန် မှတစ်ပါး အသုံးမကျချေ။
From - မြန်မာ့စွယ်စုံကျမ်း အတွဲ(၁)၊ အပိုင်း(ခ)